Sunday, October 7, 2012

"အနှိုင်းမဲ့ အလှူ"

လောကမှာ ရှိရှိသမျှ အလှူအားလုံးထဲမှာ တရားအလှူဟာ အနှိုင်းမဲ့အလှူ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တရားအလှူထက် ပိုပြီး အလှူခံပုဂ္ဂိုလ်ကို ကောင်းကျိုးပြု ပါတယ်လို့ နှိုင်းယှဉ်စရာ၊ အစားထိုးစရာ၊ ထပ်တူပြုစရာ တခြားအလှူ မရှိတော့လို့ပါပဲ။
တရားအလှူနဲ့ လဲလှယ်သင့်၊ လဲလှယ်ထိုက်တဲ့ တခြားအလှူ လောကမှာ မရှိတော့တဲ့အတွက် တရားအလှူဟာ အနှိုင်းမဲ့အလှူ ဖြစ်ရပါတယ်။
လောကမှာ ပစ္စည်းလှူခြင်းနဲ့ တရားလှူခြင်းဆိုပြီးတော့ လှူခြင်းနှစ်မျိုး ရှိပါတယ်။ ပစ္စည်းပေးလိုက်လို့ ပစ္စည်းရသွားတဲ့သူဟာ အဲဒီပစ္စည်းကို အသုံးပြုပြီး အိုနာသေရေး ဒုက္ခဘေးကနေ မလွတ်မြောက်နိုင်တဲ့အတွက် ပစ္စည်းပေးခြင်း၊ ပစ္စည်းအလှူဟာ အကောင်းဆုံးပေးခြင်း၊ အကောင်းဆုံးအလှူ မဟုတ်ပါဘူး။ တရားပေးလိုက်လို့ တရားရသွားတဲ့သူကတော့ အဲဒီတရားအတိုင်း လိုက်နာကျင့်ကြံပြီး အိုနာသေရေးဒုက္ခဘေးကနေ လွတ်မြောက်သွားနိုင်တဲ့အတွက် တရားလှူခြင်းဟာ အကောင်းဆုံးလှူခြင်း ဖြစ်ပါတယ်။
အလှူခံပုဂ္ဂိုလ်ကို ခန`ဓာဆိုတဲ့ အနှိုင်းမဲ့ ဆင်းရဲကနေ အပြီးတိုင် လွတ်မြောက်စေနိုင်ပြီး နိဗာ`ဗဆိုတဲ့ အနှိုင်းမဲ့ ချမ်းသာမှာ ထာဝရ မွေ့လျော်ခွင့် ပေးနိုင်တဲ့အတွက်ကြောင့် တရားအလှူဟာ အနှိုင်းမဲ့အလှူ ဖြစ်ရပါတယ်။
ဘ၀ချမ်းသာရေးအတွက်ရော၊ ဘ၀လွတ်မြောက်ရေးအတွက်ပါ တရားအလှူဆိုတဲ့ အသိတရားပေးဝေမှုဟာ မရှိမဖြစ် လိုအပ်တာမို့ တရားအလှူထက် ပိုမြတ်ပါတယ်လို့ နှိုင်းယှဉ်ချိန်ထိုးစရာ တခြားအလှူ မရှိတော့တဲ့အတွက် တရားအလှူဟာ အနှိုင်းမဲ့ အလှူ ဖြစ်ရပါတယ်။
တရားအလှူကို မည်သူမဆို ပေးလှူခွင့်ရှိပါတယ်။ ကိုယ့်ရင်ထဲမှာ တရားရှိရှိ၊ မရှိရှိ၊ ကိုယ်ပေးလှူတဲ့တရားက နည်းလမ်းမှန်ကန်တဲ့တရား ဖြစ်မယ်ဆိုရင် အလှူခံသူမှာ ကျင့်ရင်ကျင့်သလောက် ကောင်းကျိုးချမ်းသာ ဖြစ်ထွန်းနိုင်ပါတယ်။ တရားမှန်ဖို့ အဓိကပါ။
ဒါပေမဲ့ ကိုယ်ပေးလှူတဲ့တရားက ကိုယ်ကိုယ်တိုင်ကျင့်သုံးအားထုတ်ထားပြီးလို့ ကိုယ့်သန္တာန်မှာ အမှန်တကယ် ပြည့်စုံနေတဲ့တရား ဖြစ်မယ်ဆိုရင်တော့ ပိုကောင်းပါတယ်။ အကျိုးရလဒ်အနေနဲ့ မပြည့်စုံသေးတောင် အကြောင်းလုပ်ရပ်အနေနဲ့ အထိုက်အလျောက် ပြည့်စုံဖို့တော့ လိုအပ်ပါတယ်။ ကိုယ်ကိုယ်တိုင် အတတ်နိုင်ဆုံး ကျင့်သုံးနေတဲ့ တရားကို ပေးလှူမှ အဲဒီတရားအလှူဟာ ဗုဒ`ဓအလိုတော်ကျ တရားအလှူ ဖြစ်မှာပါ။
အရှင်ဆန္ဒာဓိက-အနှိုင်းမဲ့အလှူ စာအုပ်မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment