Tuesday, October 16, 2012

အပြစ်ရှိသော သရဏဂုံပျက်ခြင်းနှင့် အပြစ်မရှိသော သရဏဂုံပျက်ခြင်း

လောကုတ္တရာသရဏဂုံနှင့် လောကီသရဏဂုံနှစ်ပါးတို့တွင် လောကုတ္တရာသရဏဂုံမှာ မည်သည့်အခါမျှ ပျက်သည်ဟူ၍မရှိပေ။ အကြောင်းမှာ လောကုတ္တရာ သရဏဂုံတည်ပြီးသော အရိယာပုဂ္ဂိုလ်သည် တမလွန်လောက ဟိုဘက်ဘဝ၌သော်လည်းကောင်း၊ ရတနာသုံးပါးမှတစ်ပါး အခြား တစ်ဦးတစ်ယောက်ကိုမျှ ဆရာဟူ၍ မသတ်မှတ် မညွှန်ပြတော့သောကြောင့် ဖြစ်သည်။
ပုထုဇဉ်သန္တာန်၌ဖြစ်သည့် လောကီသရဏဂုံမှာသာ ပျက်စီးခြင်း၊ရှိသည်။ ထိုပျက်စီးခြင်းမှာ(၁) ရတနာသုံးပါးမှ တစ်ပါး အခြားသော တိတ္တိဆရာ စသည်တို့အား ရှေ့တွင်ပြခဲ့သည့် နည်းလေးမျိုးတို့တွင် တစ်မျိုးမျိုးဖြင့် ဆည်းကပ်ကိုးကွယ်ခြင်း၊(၂)။ခန္ဓာပျက်ကြွေ စုတေကွယ်လွန်သွားခြင်းဟု နှစ်မျိုးရှိ၏။ ထိုတွင် ဗုဒ္ဓဘာသာမှ အခြားဘာသာအယူသို့ ပြောင်းသွား၍ ပျက်ခြင်းမှာ တဏှာဒိဋ္ဌိစသော အကုသိုလ်တရားတို့ ဖြစ်ပွား၍ မကောင်းကျိုးကို ပေးသောကြောင့် အပြစ်ရှိသော ပျက်စီးခြင်းဖြစ်သည်။ စုတေကွယ်လွန်၍ ပျက်ခြင်းမှာ ပျက်ရုံသာဖြစ်၍ အကုသိုလ် တစ်စုံတစ်ရာမဖြစ်သောကြောင့် အပြစ်မရှိသော ပျက်စီးခြင်းမျိုးဖြစ်သည်။
ယနေ့ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ ဆောက်တည်ထားကြသော သရဏဂုံသည် လောကီသရဏဂုံဖြစ်သည်။ ထိုသရဏဂုံသည် သိက္ခာပုဒ်ကို ဆောက်တည်သကဲ့သို့ ကာလအပိုင်းအခြားကို မပြုမူ၍ ဆောက်တည် ထားရကား အသက်ပျက်ဆုံးမှ သရဏဂုံဆုံးလေ ပျက်လေတော့၏။ ထိုပျက်ခြင်းကား တဏှာဒိဋ္ဌိစသော အကုသိုလ်တရားများ မပါရှိ၍ အပြစ်မရှိသော ပျက်စီးခြင်းသာ ဖြစ်လေသည်။
ဆောင်ပုဒ်လင်္ကာများ
(၁)။ အယူပြောင်းသွား၊ သေလွန်ငြား၊ ပျက်ပြား သရဏဂုံ။
(၂)။ အယူပြောင်းမူ၊ ပြစ်ရှိသူ၊ သေသူပြစ်ကင်းတုံး။
မှတ်ချက်။ ။ ဓမ္မာစရိယ ဦးအေးနိုင်(ဘီအေ)၏ ဗုဒ္ဓဘာသာဂုဏ်ရည် စာအုပ်မှ ကောက်နှုတ်ချက်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများ ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
http://www.wiradhamma.blogspot.com/

1 comment: